ကုသိုလ် အကုသိုလ် စေတနာကို ကမ္မ= ကံ ဟုခေါ်၏။
ကံတို့သည် ကိစ္စအစွမ်းအားဖြင့် -
ဇနကကံ
ဥပတ္ထမ္ဘကကံ
ဥပပီဠကကံ
ဥပဃာတကကံ
ဟူ၍ လေးမျိုးရှိသည်။
ကိစ္စကမ္မစတုက္က
ဟု ခေါ်သည်။
အကျိုးပေးသော အလှည့်အကြိမ်အားဖြင့် -
ဂရုကံ
အာသန္နကံ
အာစိဏ္ဏကံ
ကဋတ္တာကံ
ဟူ၍ လေးမျိုးရှိပြန်သည်။
ပါကဒါန ပရိယာယ ကမ္မစတုက္က
ဟုခေါ်သည်။
အကျိုးပေးရာကာလ၏ အစွမ်းအားဖြင့် -
ဒိဋ္ဌဓမ္မဝေဒနိယကံ
ဥပပဇ္ဖဝေဒနိယကံ
အပရာပရိယဝေဒနိယကံ
အဟောသိကံ
ဟူ၍ လေးမျိုးရှိသေး၏။
ပါကကာလ ကမ္မစတုက္က
ဟုမှတ်။
အကျိုးပေးရာဘုံဌာနအားဖြင့်-
အကုသိုလ်ကံ
ကာမာဝစရကုသိုလ်ကံ
ရူပါဝစရကုသိုလ်ကံ
အရူပ၀စရကုသိုလ်ကံ
ဟု လေးမျိုး လည်းရှိပြန်၏။
ပါကဌာနကမ္မစတုက္က
ခေါ်သည်။
ကိစ္စအစွမ်းအားဖြင့် ကံလေးမျိုး ကွဲပြားပုံမှာ...
၁။ ဇနကကံ
ပဋိသန္ဓေအကျိုးနှင့် ပ၀တ္တိအကျိုးတို့ကို ကိုယ်တိုင်ဖြစ်စေတတ်သော ကံ။ဇနကကံသည် ပဋိသန္ဓေအခါနှင့် ပ၀တ္တိအခါတို့၌ ၀ိပါက်စိတ်နှင့် စေတသိက်များကမ္မဇရုပ်နှင့် ဥတုဇရုပ်တို့ကို ဖြစ်စေတတ်သော ကုသိုလ် အကုသိုလ်စေတနာကို ဇနကကံဟုခေါ်သည်။
၂။ ဥပတ္ထမ္ဘကကံ
ဇနကကံကို အထောက်အပံ့ပြုသောကံ။ မိမိကိုယ်တိုင်ကား အကျိုးမပေးနိုင်။ တစ်ပါးသောကံကို အကျိုးပေးခွင့်ရလေအောင်၊ အကျိုးပေးသောအခါ အကျိုးပေးသန်လေအောင်၊ ထိုအကျိုးပေးများ ကြည်ရှည်အောင် လျော်စွာ ထောက်ပံ့ကူညီတတ်သော ကုသိုလ်၊ အကုသိုလ်စေတနာကံကို ခေါ်သည်။
၃။ ဥပပီဠကကံ
ဇနကကံ၏အကျိုးကို အားနည်းချည့်နဲ့အောင် ဖိနှိပ်တတ်သောကံ။ တစ်ပါးသောကံ အကျိုးပေးခွင့်မရအောင် အခွင့်ရ၍ အကျိုးပေးသော်လည်း မကြာရှည်အောင်ကပ်၍ နှိပ်စစ်တတ်သောကံကို ဆိုလိုသည်။
၎။ ဥပဃာတကကံ
ဇနကကံအကျိုးပေးထားသော ၀ိပါက်နာမက္ခန္ဓာနှင့် ကဋတ္တာ ရုပ်အစဉ်ကို ဖြတ်တောက်တတ်သော ကံကိုဆိုလိုသည်။
အကျိုးပေးရာအလှည့်အကြိမ်အားဖြင့် လေးမျိုးမှာ...
၁။ ဂရုကံ
တစ်ပါးသောကံများက မတားမြစ်နိုင်ပဲ စုတိပြီး အခြားမဲ့၌ အကျိုးပေးမြဲ ဖြစ်သောအလွန်အားကြီးသည့် ကံကိုဆိုလိုသည်။ (ပဉ္စာနန္တိယကံငါးပါးသည် အကုသိုလ်ဂရုကံဖြစ်သည်။ ကုသိုလ်အရာတွင်လည်း မဟဂ္ဂုတ်ကုသိုလ်ကံနှင့် လောကုတ္တရာကံတို့သည် ဂရုကံများဖြစ်သည်။)
၂။ အာသန္နကံ
ရှေးအခါကပြုခဲ့ပြီး၍ သေခါနီးအခါ၌ အောက်မေ့အပ်သော ကုသိုလ်၊ အကုသိုလ်ကံ သည်လည်းကောင်း၊ သေခါနီးအချိန်၌ ကပ်ပြုလုပ်သော ကုသိုလ် ၊ အကုသိုလ်ကံ သည်လည်းကောင်း အာသန္နကံမည်၏
၃။ အာစိဏ္ဏကံ
နေ့စဉ် အမြဲမပြတ် ပြုလုပ်ဆောင်ရွတ်သော ကုသိုလ် အကုသိုလ်ကံ၊ တစ်ကြိမ်ပြုလုပ်ပြီးနောက် အစဉ်အမြဲ ဆင်ခြင်အောက်မေ့အပ်သော ကုသိုလ် အကုသိုလ်ကံသည် ၄င်း အာစိဏ္ဏကံမည်၏။
၎။ ကဋတ္တာကံ
ဂရုက၊ အာသန္န၊ အာစိဏ္ဏကံအခြေအနေသို့ မရောက်တတ်ဘဲ ဒီဘ၀၌ပြုလုပ်ခဲ့သော ကံများနှင့် ရှေးရှေးဘ၀များ၌ ပြုလုပ်ခဲ့သောကံများတည်း။ ဤကံတို့သည်လည်း အခွင့်သာသည့်အခါ ပဋိသန္ဓေအကျိုးနှင့် ပ၀တ္တအကျိုးတို့ကို ပေးနိုင်ကြ၏။ အထက်ပါကံလေးပါးတို့၏ အလှည့်အစဉ်အတိုင်း အကျိုးပေးပုံမှာ တစ်စုံတစ်ယောက်ထံတွင် ကံလေးမျိုးစလုံးရှိပါက ဂရုကံသည် အရင်အကျိုးပေး၏။ ထိုကံမရှိသော် အာသန္နကံ အကျိုးပေး၏။ အာသန္နကံမရှိခဲ့သော် အာစိဏ္ဏကံသည် အကျိုးပေး၏။ မရှိပါက ကဋတ္တာကံသည် အကျိုးပေး၏။
အကျိုးပေးရာကာလအစွမ်းအားဖြင့် ကံလေးမျိုးမှာ--
၁။ ဒိဋ္ဌဓမ္မဝေဒနိယကံ
မျက်မှောက်ဘ၀၌ အကျိုးပေးသောကံ။ ဇောခုနစ်ချက်တို့တွင် ပထမဇောစေတနာသည် အခုပစ္စုပ္ပန်ဘ၀၌ အကျိုးပေးခြင်းကြောင့် ဒိဋ္ဌဓမ္မဝေဒနိယကံဟု ခေါ်၏။
ဒုတိယဘ၀၌ အကျိုးပေးသော သတ္တမဇောစေတနာကံ ကိုခေါ်သည်။
၃။ အပရာပရိယဝေဒနိယကံ
လက်ရှိဘ၀နှင့် ဒုတိယဘ၀တို့မှာတစ်ပါး တတိယဘ၀မှစ၍ နိဗ္ဗာန်ရသည့်ဘ၀တိုင်အောင် အကျိုး ပေးတတ်သော အလယ်ဇောငါးချက် စေတနာကံကိုခေါ်သည်။
အထက်တွင်ဖေါ်ပြခဲ့သော ဒိဋ္ဌဓမ္မဝေဒနိယကံ စသည့် ကံသုံးပါးတို့သည် အကျိုးပေးရန် အခွင့်မသာ အခါမသင့်ဖြစ်ခဲ့လျှင် မိမိတို့ဆိုင်ရာ ကာလအားလျော်စွာ အကျိုးမပေးနိုင်ကြတော့ပဲ အလိုလို ပျက်စီးသွားကြသည်။ ထိုသို့သောကံများကို အဟောသိကံ ဟုခေါ်သည်။
အကျိုးပေးရာဘုံဌာန၏ အစွမ်းအားဖြင့် ကံလေးမျိုးမှာ...
၁။ အကုသိုလ်ကံ(ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်) အပါယ်လေးဘုံ၌ ပဋိသန္ဓေအကျိုးနှင့် ပ၀တ္တိအကျိုးတို့ကို ပေးသောကံဖြစ်သည်။
ကာမသုဂတိခုနစ်ဘုံ(လူ+နတ်၆) ၌ပဋိသန္ဓေအကျိုးနှင့် ပ၀တ္တိအကျိုးတို့ကို ပေးသောကံဖြစ်သည်။
၃။ ရူပါဝစရကုသိုလ်ကံ
ရူပဗြဟ္မာ ၁၆ ဘုံ၌ ပဋိသန္ဓေအကျိုးနှင့် ပ၀တ္တိအကျိုးတို့ကို ပေးသောကံဖြစ်သည်။
၎။ အရူပ၀စရကုသိုလ်ကံ
အရူပဗြဟ္မာလေးဘုံ၌ ပဋိသန္ဓေအကျိုးနှင့် ပ၀တ္တိအကျိုးတို့ကို ပေးသောကံဖြစ်သည်။
ထိုသို့ ကံတို့သည် ဆန်းဆန်းကြယ်ကြယ် အကျိုးကို ပေးတတ်သဖြင့် လက်ရှိဘ၀တွင်
မကောင်းမှုပြု၏ မကောင်းကျိုး မခံရ။
ကောင်းမှုပြု၏ ဆိုးကျိုးကိုခံနေရ။
မကောင်းမှုပြု၏ ဆိုးကျိုးကိုခံရ။
ကောင်းမှုပြု၏ ကောင်းကျိုးကိုစံရ။
ဟူ၍ လေးမျိုးပြားစွာ ဖြစ်ပျက်နေထိုင်ကြသည်ကို မြင်တွေ့နိုင်သည်။ထို့ကြောင့် ကံနှင့် ကံအကျိုးပေးကို ယုံကြည်ဖို့ရာ အလွန်ခဲယဉ်းကြောင်း သိနိုင်ပါသည်။ ထိုသို့ကံဆန်းကြယ်မှုများကို နားလည်သဘောပေါက် ပါမှသာ လောကတွင် နေထိုင်ရသည်မှာ စိတ်မကျေနပ်စရာ မရှိလောက်အောင် သာယာလှပ ပေလိမ့်မည်။
ကံမျိုးလေးလီကို ဒေါက်တာမင်းတင်မွန်(မဟာသဒ္ဓမ္မဇောတိက)၏ အဖိုးတန်ဆုံးသောဘ၀ပညာ စာအုပ်မှ ဖေါ်ပြပါသည်။
No comments:
Post a Comment